သင်္ကန်းအကြောင်း သိကောင်းစရာ
စီဝရ (န) [စိ+ကွရ၊ ဒီဃပြု။ ဏွာဒိ။ ၁၅၄။ စိ+ဤဝရ၊ စီယတီတိ စီဝရံ။ ကစ္စည်း။ ၆၆၈။ ရူ။ ၆၇၈။ စီရ+ဝရ။ စီရတော ဝရံ စီဝရံ၊ ရ-ချေ ဝိ၊ ပိ၊ ဓာန်။ ၃၇၇။]
သင်္ကန်း၊ ရဟန္တာပုဂ္ဂိုလ်တို့၏ တံခွန်အလံသဖွယ်ဖြစ်သော သင်္ကန်း၊ ရသေ့သင်္ကန်းထက် မြတ်သောသင်္ကန်း၊ သာသနာတော်သုံး သင်္ကန်း။ မူရင်းကြည့်ပါ။
တိပိ၊၇၊၄၈၂+၄၈၃+၄၈၄+၄၈၅+၄၈၆
သင်္ကန်းဟူသည် ရဟန်း သာမဏေတို့ ဝတ်ရုံသုံးဆောင်သည့် အဝတ်အထည် ဖြစ်သည်။ သင်္ကန်းစီမံရာ၌ ပျက်ခြင်း သုံးမျိုးနှင့် ပြည့်စုံစေရမည်။ (၁) အပိုင်းပိုင်း ဖြတ်ခြင်းအားဖြင့် တန်ဖိုးပျက်ခြင်း။ (၂) အပိုင်းပိုင်း အပြတ်ပြတ်တို့ကို ချုပ်စပ်ခြင်းအားဖြင့် (ကောင်းသော အတွေ့အထိ) နူးညံ့မှု ပျက်ခြင်း။ (၃) ချုပ်လုပ်မှု, ဆိုးရေဆိုးမှု, ကပ္ပဗိန္ဓုထိုးမှု စသည်ကို ပြုခြင်းအားဖြင့် အရောင်အဆင်း ပျက်ခြင်းတို့ ဖြစ်၏။ (ဝိ - ၊ ဋ္ဌ၊ ၁-၂၀၄)
ယင်းသင်္ကန်းသည် ပံသုကူသင်္ကန်း (ပံသုကူလ စီဝရ) , လူတို့ လှူဒါန်းသောသင်္ကန်း (ဂဟပတိ စီဝရ) ဟူ၍ နှစ်မျိုး ရှိသည်။ ထိုတွင် ပဌမဗောဓိခေါ်သော မြတ်စွာဘုရား ဝါ ၂၀ အတွင်း၌ "ပံသုကူသင်္ကန်း" ကိုသာ အသုံးပြုတော် မူကြသည်။ (ပံသုကူလ = (၁) မြေ၌ စွန့်ပစ်ထားအပ်သော အဝတ်။ (၂) အရှင်မရှိသောပစ္စည်းဝတ္ထု။ (၃) ပံသုကူသင်္ကန်း။)
မြတ်စွာဘုရား ဝါ ၂၀ ကျော်မှ ဆရာဇီဝက၏ တောင်းပန်မှုကို အကြောင်းပြု၍ လူတို့လှူသော သင်္ကန်းကို ခွင့်ပြုရကား လူတို့တွင် အဦးဆုံး သင်္ကန်းလှူသောသူသည် ဆရာဇီဝကပင် ဖြစ်သည်။ (ဝိ၊ ၃-၃၉၂)။ (မ၊ ဋ္ဌ၊ ၄-၂၁၉ ၌မူ ဘုရားရှင် တစ်ဝါ အရတွင် မိထွေးတော် ဂေါတမီ သင်္ကန်းလှူချင်သော စိတ်ဖြစ်၍ ရက်, ချုပ် လှူဒါန်းသည်ဟု ဆိုသည်) ။
အပ်စပ်သောသ သင်္ကန်းဖြစ်ရန် ချည်အမျိုးအစားကိုလိုက်၍ "ခုံချည် (ပိုက်ဆံချည်) ဖြင့် ရက်အပ်သော သင်္ကန်း, ဝါချည်ဖြင့် ရက်အပ်သောသင်္ကန်း, ပိုးချည်ဖြင့် ရက်အပ်သောသင်္ကန်း, သိုးမွေးဖြင့် ရက်အပ်သောသင်္ကန်း, သျှမ်ချည်ဖြင့် ရက်အပ်သော သင်္ကန်း, ချည်အမျိုးမျိုး ရော၍ ရက်အပ်သော သင်္ကန်းဟူ၍ ခြောက်မျိုး ရှိသည်။ (ဝိ၊ ၃-၃၄၉။ စူဠနိ၊ ဋ္ဌ၊ ၁၁၀။ ခုဒ္ဒသိက္ခာ၊ ၃၀)။
ထို့ပြင် ဘွဲ့ဖြူသင်္ကန်း, ပဋ္ဋုဏ္ဏအရပ်၌ဖြစ်သော သင်္ကန်း, ကောမာရအရပ်၌ ဖြစ်သောသင်္ကန်း, စိန့်တိုင်း၌ဖြစ်သော သင်္ကန်း, တန်ခိုးကြောင့်ဖြစ်သော သင်္ကန်း, နတ်တို့လှူသော သင်္ကန်းဟု ရွှေသင်္ကန်း ခြောက်မျိုးအားလျော်သော သင်္ကန်း (အနုလောမ စီဝရ) အားဖြင့် ခြောက်မျိုး ရှိသည်။ (စူဠနိ၊ ဋ္ဌ၊ ၁၁၀။ ခုဒ္ဒသိက္ခာ၊ ၃၁။ သာရတ္ထ၊ ၂-၃၈၅။ သာရတ္ထ၊ ၃-၃၃၃။ ဝိနယ၊ ဝိနိစ္ဆယ၊ ၄၅၁/၄၅၂။ ၎င်းဋီ၊ ၅၅၁/၅၅၂) ။ ထိုသင်္ကန်း ခြောက်မျိုးကို အနုလောမသင်္ကန်း ဖြစ်သောကြောင့် သီးခြားမဟော။ သင်္ဂါယနာတင် မထေရ်တို့ အနုလောမသင်္ကန်း အဖြစ်ဖြင့် ခွင့်ပြုအပ်သော သင်္ကန်းတို့ ဖြစ်သည်
ခါးဝတ်သင်္ကန်း (သင်းပိုင်), ကိုယ်ရုံသင်္ကန်း (ဧကစီ), နှစ်ထပ်သင်္ကန်း = သင်္ကန်းကြီး (ဒုကုဋ်), မိုးရေခံသင်္ကန်း (ရေသနုပ်), ထိုင်သောအခါ အသုံးပြုသော သင်္ကန်း = နေရာထိုင် (နိသီဒိုင်), အိပ်ရာခင်းသင်္ကန်း, အမာလွှမ်း (အနာလွှမ်း) သင်္ကန်း, မျက်နှာသုတ်သင်္ကန်း = မျက်နှာသုတ်ပုဝါ ရှေ့ ၈ မျိုးမှတစ်ပါး ရေစစ် သပိတ်အိတ်စသည် ဝိကပ္ပနာလောက်သော အသုံးအဆောင် ဖြစ်သော အဝတ်အထည် (ပရိက္ခါရာစောဠ) ဟု အမည်အားဖြင့် ၉ မျိုး ရှိ သည်။ (ဝိ၊ ၃-၄၁၂)။
ထို ၉ မျိုးတို့တွင် သင်းပိုင်, ကိုယ်ရုံ, နှစ်ထပ် သင်္ကန်းတို့သည် မူလသင်္ကန်းများ ဖြစ်သည်။ ကျန်ခြောက်မျိုးတို့ကား ထပ်ခွင့်ပြုသော သင်္ကန်းများ ဖြစ်သည်။ ထိုခြောက်မျိုးတွင် မိုးရေခံသင်္ကန်းကို သင်္ကန်းမပါ ဗလာကိုယ်ထည် မိုးရေခံ (မိုးရေချ်ုး) နေကြသော ရဟန်းများကို အကြောင်းပြု၍ ဝိသာခါ၏ လျှောက်ထား တောင်းပန်မှုကြောင့် ခွင့်ပြုတော်မူသည်။ (ဝိ၊ ၃-၄၀၆)။ နေရာထိုင် (နိသီဒိုင်) ကို ရဟန်းအများကို အကြောင်းပြု၍ "ကိုယ်ကို စောင့် ရှောက်ခြင်း" (ကာယဂုတ္တိ), သင်္ကန်းကို စောင့်ရှောက်ခြင်း (စီဝရဂုတ္တိ), ကျောင်းအိပ်ရာနေရာကို စောင့်ရှောက်ခြင်း (သေနာသနဂုတ္တိ) အကျိုးငှာ" ခွင့်ပြုတော်မူသည်။ (ဝိ၊ ၃-၄၁၀)။
အိပ်ရာခင်း သင်္ကန်းကို နေရာထိုင် ငယ်နေ၍ မခင်းလောက်သောကြောင့် ခွင့်ပြုတော်မူသည်။ (ဝိ၊၃-၄၁၀)။ အမာလွှမ်း သင်္ကန်းကို အရှင်ဗေလဋ္ဌသီသအား "ဝဲကြီးနာ" စွဲသည်ကို အကြောင်းပြု၍ ခွင့်ပြုတော်မူသည်။ (ဝိ၊ ၃-၄၁၀)။ မျက်နှာသုတ် သင်္ကန်းကို ဝိသာခါ လှူဒါန်းသည်ကို အကြောင်းပြု၍ ခွင့်ပြုတော်မူသည်။ (ဝိ၊ ၃-၄၁၀/၄၁၁)။ ပရိက္ခါရာစောဠကို ရေစစ် သပိတ် လိုနေသည်ကို အကြောင်းပြု၍ ခွင့်ပြုတော်မူသည်။ (ဝိ၊ ၃-၄၁၀)။
ထို့ပြင် "ဥတုလာသော ရဟန်းမတို့ သုံးဆောင်ရန် ခွင့်ပြုသော ဥတုနှီးသင်္ကန်း, ညှပ်ရိုးအောက် ချက်အထက်အရပ်ကို ဖုံးလွှမ်းရန် ခွင့်ပြုသော ရင်လွှမ်းသင်္ကန်းဟု ရဟန်းမတို့သာ သုံးဆောင်သော သင်္ကန်းနှစ်မျိုး ရှိသေးသည်။ (ဝိ၊ ၂-၃၉၉။ ၄၆၁)။ ရဟန်းမတို့သည် သင်းပိုင်, ဧကစီ, နှစ်ထပ်သင်္ကန်း, ရေသနုပ်သင်္ကန်း, ရင်လွှမ်းသင်္ကန်း ၅ ထည်ကို ၅ ရက်တစ်ကြိမ် ပြောင်းလွှဲ သုံးဆောင်ရသည်။ (ဝိ၊ ၂-၃၇၀)။
သမန်းမြက်သင်္ကန်း, လျော်သင်္ကန်း, ပျဉ်ချပ်သင်္ကန်း, လူတို့ဆံပင်ဖြင့် ရက်အပ်သောသင်္ကန်း, သားမြီးဖြင့် ရက်အပ်သောသင်္ကန်း, သစ်နက်ရေသင်္ကန်း, မရိုးမျှင်ဖြင့် ရက်အပ်သောသင်္ကန်း, သင်ပန်းမျှင်ဖြင့် ရက်အပ်သောသင်္ကန်း, သားရေသင်္ကန်း, သစ်သား သစ်ခေါက် သစ်ခွံဖြင့် ပြုအပ်သောသင်္ကန်း, နွယ်ဖြင့် ပြုအပ်သောသင်္ကန်း, ငှက်ပျောလျှော်ဖြင့် ပြုအပ်သောသင်္ကန်း, ဝါးဖြင့် ပြုအပ်သောသင်္ကန်း စသည်တို့ကား ရဟန်း သာမဏေများ မဝတ်ရုံ မသုံးဆောင်ကောင်းသော သင်္ကန်းများ ဖြစ်ကြသည်။ (ဝိ၊ ၃-၄၂၁။ စူဠိန၊ ဋ္ဌ၊ ၁၁၀)။
တစ်နည်းအားဖြင့် အလုံးစုံ ညို - ရွှေ - နီ - မောင်း - မည်းနက်သောသင်္ကန်း, ကင်းခြေများကျောက်ကုန်း အဆင်းရှိသောသင်္ကန်း, ဖက်ရွက်ရော် (ပဒုမ္မာကြာ) အဆင်းရှိသောသင်္ကန်း, မဖြတ်သော အမြိတ်အဆာ ရှိသောသင်္ကန်း, ပန်းပွင့်အမြိတ်အဆာ ရှိသောသင်္ကန်း, သင်တိုင်း (အင်္ကျီကိုယ်ကျပ်), လျော်တေသင်္ကန်းဟု မသုံးကောင်းသောသင်္ကန်း ၁၃ မျိုး ရှိသည်။ (ဝိ၊ ၃-၄၂၂/၄၂၃။ ဝိ၊ ၄-၄၅၉)။
ခိုးသူလုယူ၍ သင်္ကန်းမရှိ ဖြစ်နေက မအပ်သောသင်္ကန်း အားလုံး အသုံးပြုနိုင်၏။ (ခုဒ္ဒသိက္ခာ၊ ၅၇။ ခုဒ္ဒသိက္ခာ၊ ဋီ၊ ဟောင်း၊ ၅၇။ ဋီ၊ သစ်၊ ၅၇)။
မြတ်စွာဘုရားသည် ရာဇဂြိုလ်မြို့မှ ဒက္ခိဏဂီရိ ဇနပုဒ်သို့ ကြွတော်မူစဉ် အစ္ဆိဗဒ္ဓ (လေးထောင့်လယ်), ပါဠိဗဒ္ဓ (လယ်လျားရှည်), မရိယာဗဒ္ဓ (အကြားအကြား၌ ကန်သင်းဖွဲ့အပ်သောလယ်), သိင်္ဃာဋကဗဒ္ဓ (လေးထောင့် အကွက်အကွက် ဖွဲ့အပ်သောလယ်) တို့ကို ရှသ်အာနန္ဒာအား ညွှန်ပြ၍ ထိုလယ်တို့၏ ပုံဟန်သဏ္ဌာန်နှင့် တူစွာ သင်္ကန်း ချုပ်စေတော်မူ၏။ ရှင်အာနန္ဒသည် ကုသိ= မူအနားပတ်ရှည်၊ ထပ်တင်အပ်သော အနားပတ်ရှည်၊ တလုပ်မြောင်းရှည်, အဍ္ဎကုသိ = မူလ အနားပတ်တို၊ ထပ်တင်အပ်သော အနားပတ်တို၊ တလုတ်မြောင်းတို, ၅ ခန်းရှိသော သင်္ကန်း၏ တစ်ခန်းတစ်ခန်း၌ အခန်းကြီး ၅ ခန်း, အဍ္ဎမဏ္ဍလ = အခန်းငယ် ၅ ခန်းရှိသော သင်္ကန်း၏ တစ်ခန်းတစ်ခန်း၌ ၅ ခန်း, ဝိဝဋ္ဋ = ခေါင်စပ် ခေါင်ခန်း, အနုဝိဝဋ္ဋ = ခေါင်ရန် ၂ စပ်, ဗာဟန္တ = လက်လိပ် ၂ စပ် (တစ်နည်းအားဖြင့် ခေါင်ရန် ၄ စပ်ကို အနုဝဋ္ဋသင်္ကန်းရုံရာ လက်လိပ်ပြင်ဘက်ကျသော အစွန်း ၂ ခုကို ဗာဟန္တဟု ခေါ်သေးသည်)။ ဂီဝေယျက = (ကြည်ရှည်ခိုင်ခန့်စေခြင်းငှာ) အနားပတ်အပြင် လည်ပင်းနေရာ၌ ထပ်အပ်သော အထပ်အလွှာ, ဇင်္ဃေယျက = ခြေသလုံးနေရာ၌ ထပ်အပ်သော အထပ်လွှာတို့ဖြင့် စီစဉ်၍ သင်္ကန်း ချုပ်တော်မူသည်။ (ဝိ၊ ၃-၄၀၀/၄၀၁။ ဝိ၊ ဋ္ဌ၊ ၃-၄၀၈/၄၀၉။ ဝိနယဝိနိစ္ဆယ၊ ၅၆၃/၅၆၄။ ဝိနယာလင်္ကာရ၊ ၂-၃၇၈)။ နှစ်ထပ်သင်္ကန်း၌ ထပ်တင်အပ်သော အပိုအထပ်လွှာကို ဂီဝေယျ, ဇင်္ဃေယျက ဆိုသည်။ ထိုအပို အထပ်လွှာကို ဝိမတိဆရာတို့ လက်ထက်ကပင် မပြုလုပ်ကြတော့။ (ဝိမတိ၊ ၂-၁၉၈)
ရှင်အာနန္ဒာသည် ရွာတွင်းသို့ ဆွမ်းခံဝင်စဉ် လေကြောင့် သင်္ကန်းလွင့်သည်ကို အ ကြောင်းပြု၍ ဂဏ္ဌိက ကမ္ပတ်သီး ကမ္ပတ်ကွင်း, ဂဏ္ဌိက ဖလက = ကမ္ပတ်သီးအိမ်, ပါသက ဖလက = ကမ္ပတ်ကွင်းအိမ်တို့ကို ခွင့်ပြုတော် မူခဲ့သည်။ (ဝိ၊ ၄-၂၂၇။ ဝိ၊ ဋ္ဌ၊ ၂-၂၅၂။ ဝဇီရ၊ ၅၂၄)။ ဧကစီ၌ အယုတ်ဆုံးအားဖြင့် အလျား ၅ တောင် တောင်ဆုပ်၊ အနံ ၃ တောင် တောင်ဆုပ်၊ အကြီးဆုံးအားဖြင့် မြတ်စွာဘုရား၏ သင်္ကန်းတော် ပမာဏ ရှိရသည်။ သင်းပိုင်၌ အနံ ၂ တောင်ထွာ သို့မဟုတ် ၂ တောင်မျှသာ ထူးသည်။ (ဝိ၊ ဋ္ဌ၊ ၂-၂၂၆။ ကင်္ခါ၊ ၁၅၃/၁၅၄။ ခုဒ္ဒသိက္ခာ၊ ၃၇/၃၈။ ဝိနယဝိနိစ္ဆယ၊ ၅၅၆/၅၅၇/၅၅၈) သင်္ကန်း၌ ်ယုတ်ဆုံးအားဖြင့် ၅ ပိုင်း ၅ ခန်း ဖြတ်ရသည်။ လုံးဝ မဖြတ်သောသင်္ကန်း၊ ၂ ဖြတ် ၃ ဖြတ် ၄ ဖြတ် ဖြတ်သော သင်္ကန်းများ မအပ်။ (ဝိ၊ ၃-၃၅၃၊ ၄၀၁။ ဝိ၊ ဋ္ဌ၊ ၃-၃၉၂)။
သင်္ကန်းသည် အဝတ်အားလုံးတွင် အမြတ်ဆုံး ဖြစ်သည်။ လူ့ဘဝဖြင့် ရဟန္တာ ဖြစ်သူသည် ယုတ်ညံ့သော လူအသွင်ဖြင့် မြင့်မြတ်သော အရဟတ္တဖိုလ်ကို မဆောင်နိုင်။ မရနိုင်။ ရဟန္တာဖြစ်သော နေ့မှာပင် ရဟန်းမူလည်း ပြုရ၏။ ရဟန်း မပြုလျှင်ကား ပရိနိဗ္ဗာန် စံရ၏။ နတ်ဘဝဖြင့် အနာဂါမ် ရဟန္တာဖြစ်သော ကာမာဝစရနတ်တို့လည်း ဆိတ်ငြိမ်ရာအရပ် မရှိသောကြောင့် တစ်ခဏမျှ မတည်တံ့နိုင်။ ဘူမစိုးနတ်တို့ကား တောတောင်စသော ဆိတ်ငြိမ်ရာအရပ် ရှိသောကြောင့် ရဟန္တာအဖြစ်ဖြင့် တည်တံ့နိုင်၏။ (ဒီ၊ ဋ္ဌ၊ ၃-၉၇။ မ၊ ဋ္ဌ၊ ၃-၁၃၆/၁၃၇။ ဒီ၊ ဋီ၊ ၃-၉၃။ မ၊ ဋီ၊ ၃-၉၁။ အံ၊ ဋီ၊ ၃-၂၈၅)။
ရှေးဦးစွာ သောတာပန်ဖြစ်သော လူအား နောက်မှ သောတာပန်ဖြစ်သော ရဟန်းက အရိုအသေပြုမှု စသည်ကို ပြုသင့်သည်ဟု ပြောကြားသော သာကီနွယ် ဆွေတော်မျိုးတော်တို့၏ စကားကို မြတ်စွာဘုရား ကြားသိရသည်။ ထိုအခါ မြတ်စွာဘုရားက "အမျိုးဇာတ် ပူဇော်ထိုက်သောအကြောင်းနှင့် အသွင်ပုံဟန် တစ်ခြားစီ ဖြစ်သည်။ အကျင့်အားဖြင့် အဆင့်အတန်း မြင့်သော်လည်း အာနာဂါမ် လူပုဂ္ဂိုလ်က သင်္ကန်းတန်ခိုးကြောင့် ယနေ့ဖြစ်စ ပုထုဇဉ် ရှင်သာမဏေကိုပင် အရိုအသေ ပြုရသည်။ လူသောတာပန်နှင့် ရဟန်းသောတာပန် နှိုင်းစာမရ။ ရဟန်းသောတာပန်က အရဟတ္တဓဇ သင်္ကန်းကြောင့် လူသောတာပန်ထက် သာလွန်၍ မြင့်မြတ်လှတော့သည်" ဟု မိန့်တော်မူသည်။ (သုတ္တနိ၊ ဋ္ဌ၊ ၁-၂၆၁/၂၆၂)
လမ်းခရီး၌ စွန့်ပစ်ထားသော မစင် လိမ်းကျံသော သင်္ကန်းကိုပင် လက်အုပ်ချီမိုး ရှိခိုူအပ်၏။ ပွင့်ပြီး ပွင့်ဆဲ ပွင့်လတ္တံ့သော ဘုရားရှင်တို့သည် ဤသင်္ကန်းဖြင့် ကိလေသာခပ်သိမ်း ကင်းငြိမ်းစင်ကြယ် ကြသောကြောင့် ဖြစ်သည်။ (အပ၊ ၁-၅၂။ အပ၊ ဋ္ဌ၊ ၁-၃၃၁/၃၃၂) ။
သင်္ကန်းသည် သာသနာကွယ်ခြင်း မကွယ်ခြင်း၏ မှတ်တိုင်သဖွယ် ဖြစ်သည်။ ဤသင်္ကန်းဖြင့် ငါတို့အား အကျိုးမများဟု နှလုံးပြု၍ သင်္ကန်းကို မစွန့်ပစ်သမျှ "လိင်္ဂသာသနာ" မကွယ်ပနိုင်။ သင်္ကန်းကို စွန့်ပစ်သောအခါမှ "လိင်္ဂသာသနာ" ကွယ်ပသည်။ (အံ၊ ဋ္ဌ၊ ၁-၇၀)။
သင်္ကန်း လှူခြင်းကြောင့် ရွှေအဆင်းကဲ့သို့ ဝါဝင်းလှပခြင်း၊ အညစ်အကြေး ကင်းခြင်း၊ ပြိုးပြိုးပြက်ပြက် အရောင်ထွက်ခြင်း၊ တန်ခိုးရှိန်စော် အာနုဘော် ကြီးခြင်း၊ ကိုယ်လုံးကိုယ်နေ ပြေပြစ်ချောမောခြင်း၊ အတင်းလှသောပုဆိုး အဝတ်အထည် တစ်သိန်းကို ရနိုင်ခြင်း၊ ပိုူထည် သကလပ်ထည်တို့ကို ရနိုင်ခြင်း၊ ခေါမတိုင်ူဖြစ်အထည် ဝါချည်အထည်တို့ကို ရနိုင်ခြင်း ၈ ပါးတို့ ဖြစ်သည်။
ရွှေသို့အဆင်း၊ မြူကြေးကင်း၍၊ ရောင်ဝင်းစုံဝ၊ ထွန်းလင်းပ၏။ နုလှကာယ၊ မကသိန်းတိုး၊ ပုဆိုးရလိမ့်။ ဝါရွှေဖြူနီ၊ ဤရှစ်လီသည်၊ ကျမ်းညီသင်္ကန်း လှူကျိုးတည်း။ (အပ၊ ၁-၃၅၈/၃၅၉။
တဘော်ဆင်မြန်း၊ ဝတ်သင်္ကန်းကို၊ လှူဒါန်းသည့်သူ၊ အဆင်းလှူတည့်။ နတ်လူတို့ ဘောင်၊ ဖြစ်တိုင်းနောင်ဝယ်၊ အခေါင်ဦးစွန်း၊ ကိုယ်ရောင်ထွန်း၍၊ တုကျွန်းလွတ်ကွာ၊ မယ်ဥမ္မာနှင့်၊ ပဘာဝတီ၊ နတ်တစ်ပြည်သို့၊ အညီနှိုင်းရှိ၊ လှခေါင်ထိလိမ့်။ သံ၊ ၁-၂၉။ သံ၊ ဋ္ဌ၊ ၁-၇၈။ဂမဃဒေဝ၊ ၅၀၇)။
အရှင်မဟာကဿ ပလောင်း သူကြွယ်တစ်ဦးသည် သင်္ကန်းလှူခဲ့ဖူးသော ကောင်းမှုကြောင့် ဗာရာဏသီပြည်တွင် နန္ဒမင်း ဖြစ်ရသည်။ အရပ် လေးမျက်နှာမှ တစ်ထည်လျှင် တစ် သိန်းမက တန်သော အဝတ်တန်းဆာ လိုရာစုံလင်သော ပဒေသာပင် ၃၆ ပင် ပေါ်ပေါက် ပေးရသည်။ မိမိစိုးမိုး အုပ်ချုပ်သော နိုင်ငံတွင် "ချည်ငင် ဗိုင်းငင် ယက်ကန်းစက်ပင် မရှိစေရ။ အနှစ်တစ်ထောင်ပတ်လုံး ပဒေသာပင်မှ အဝတ်မထည်ကို ဝေငှ၊ မြောက်ကျွန်းတမျှ ပြည့်ဝစုံလင်သော အကျိုးကို ရရှိခံစားရသည်။ (ပေတ၊ ဋ္ဌ၊ ၇၈/၇၉/၈၀)။
သင်္ကန်းလှူရသော အကျိုးအားကြောင့် မိန်းမတို့အား မဟာလာတာတန်းဆာ, ယောက်ျားတို့အား တန်ခိုးကြောင့် ဖြစ်သော သင်္ကန်းကို ရနိုင်, ဧဟိဘိက္ခု ဖြစ်နိုင်သည်။ မိန်းမ ဧဟိဘိက္ခု မရှိနိုင်။ ဓမ္မ၊ ဋ္ဌ၊ ၁-၂၄၉။ ဝဇီရ၊ ၃၅၁)။
ပရိက္ခရာ ၈ ပါးတွင် တစ်ပါးပါး မလှူခဲ့ဘူးလျှင် တန်ခိုးကြောင့်ဖြစ်သော သပိတ် သင်္ကန်း မရနိုင်။ ဧဟိဘိက္ခု မဖြစ်နိုင်။ ပရိက္ခရာ ၈ ပါးတွင် တစ်ပါးပါး လှူခဲ့ဘူးမှ တန်ခိုးကြောင့်ဖြစ်သော သပိတ် သင်္ကန်းကို ရနိုင်, ဧဟိဘိက္ခု ဖြစ်နိုင်သည်။ (မ၊ ဋ္ဌ၊ ၄-၂၁၅။ မ၊ ဋီ၊ ၃/၄၀၄)။
တစ်နည်းအားဖြင့် သပိတ်သင်္ကန်း လှူခဲ့ဘူးမှ တန်ခိုးကြောင့်ဖြစ်သော သပိတ် သင်္ကန်း ရနိုင်၊ ဧဟိဘိက္ခု ဖြစ်နိုင်သည်။ မလှူခဲ့ဘူးက မရနိုင် မဖြစ်နိုင်။ (ဓမ္မ၊ ဋ္ဌ၊ ၁-၄၁၁/၄၁၂။ ဥဒါန၊ ဋ္ဌ၊ ၈၅။ အံ၊ ဋီ၊ ၁-၁၈၁)။
တစ်နည်းအားဖြင့် ငါ၏ ဤပရိက္ခရာ ၈ ပါး ဤသပိတ် သင်္ကန်း အလှူသည် တန်ခိုူကြောင့်ဖြစ်သော သပိတ် သင်္ကန်း ရခြင်း၏ အကြောင်းအထောက်အပံ့ ဖြစ်ပါစေ" ဟု ဆုတောင်း၍ ပရိက္ခရာ ၈ ပါးဖြစ်စေ၊ သပိတ် သင်္ကန်းဖြစ်စေ လှူခဲ့ဘူးမှတန်ခိုူကြောင့် ဖြစ်သော သပိတ် သင်္ကန်းရနိုင်၊ ဧဟိဘိက္ခု ဖြစ်နိုင်သည်။ ဆုတောင်း၍ မလှူခဲ့ဘူးက မရနိုင်၊ မဖြစ်နိုင်။ (သာရတ္ထ၊ ၂-၅၁။ သာရတ္ထ၊ ၃-၁၉၇။ ဒီ၊ ဋီ၊ ၂-၇၁။ မ၊ ဋီ၊ ၃-၄၀၄)
တိပိဋက ပါဠိမြန်မာ အဘိဓာန် အတွဲ ၇ ၊ စာမျက်နှာ ၄၈၂ မှ ၄၈၆ ထိ ကူးယူ၍ ဓမ္မဒါန ပြုပါသည်။
ဦးမာနိတ စာအုပ် မျှဝေပါသည်
အညတရ ရဟန်း နာဂတောင်တန်း