လှူကထိန်သင်္ကန်းနှင့် မဂ်လမ်းတဲ့ဆုပန်ရွယ်
ကထိန်သင်္ကန်းကို သီတင်းကျွတ်လပြည့်ကျော် ၁ ရက်မှ တန်ဆောင်မုန်းလပြည့်အထိ တစ်လအတွင်း ကပ်လှူကြရသည်။ ကထိန်သည် ကထိနဟူသော ပါဠိစကားမှ ဆင်းသက်၍ ခိုင်ခံ့မြဲမြံသောကြောင့် ကထိန်ဟုခေါ်ကြောင်း ဖွင့်ဆိုထားပါသည်။ ကထိန်သင်္ကန်း ကပ်လှူရာတွင် ရဟန်းပုဂ္ဂိုလ် တစ်ပါးပါးကို ရည်စူးခြင်း မဟုတ်ဘဲ သံဃာဟူသော အစုအပေါင်းကို ရည်စူးလှူဒါန်းရခြင်း ဖြစ်ပေသည်။ ကထိန်ခင်းသည့် အစဉ်အလာသည် ရှေးမြန်မာမင်းများ လက်ထက်ကတည်းက ရှိခဲ့သော အစဉ်အလာတစ်ရပ်ဖြစ်သည်။ သံဃာအား လှူဒါန်းသော ကထိန်သင်္ကန်းကို သင်္ကန်းမရှိသည့်ရဟန်းအား ဦးစားပေး ရွေးချယ်လှူဒါန်းခြင်းလည်းဖြစ်ပေသည်။ ရဟန်းအားလုံးသင်္ကန်းများ ပြည့်စုံလျှင် ဝါအကြီးဆုံး မထေရ်ကို ပေးလှူရသည်။ သိမ်ဝင်၍ ဉတ်ကမ္မဝါဖတ်ပြီး ကထိန်ခံထိုက်သော ရဟန်းကို ပေးရသည့်အတွက် ကထိန်သင်္ကန်းကို ''ဉတ်သင်္ကန်း''ဟုခေါ်သည်။
မြန်မာတို့သည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည် ကိုးကွယ်ကြသူများဖြစ်သည်နှင့်အညီ ရှေးက မိဘဘိုးဘွားများ လက်ဆင့်ကမ်းခဲ့သော ကထိန်သင်္ကန်း ဆက်ကပ်ခြင်းကို ယနေ့ခေတ်တွင် ဆက်လက်ပြုလုပ်လျက်ရှိသည်။
ယနေ့ဆိုလျှင် ကျောင်းများ၊ ရုံးများ၊ အဖွဲ့အစည်းများ စသည့်အစုအဝေးများက နှစ်စဉ်ကထိန်သင်္ကန်း ကပ်လှူပွဲများကို ကျင်းပသည့် အစဉ်အလာမှာ ခိုင်မြဲနေပြီဖြစ်သည်။ ကထိန်ပွဲဆိုသည်နှင့် တန်ဆောင်မုန်းလ၏ ရာသီပွဲအဖြစ် အခိုင်အမာ တည်ရှိနေပြီဖြစ်ပေသည်။ ၂၂၇ သွယ်သော သိက္ခာပုဒ်ကို သံဃာတော်များ ကျင့်ကြံအားထုတ်လျက် ရှိသဖြင့် ဗုဒ္ဓသာသနာသည် နေအရောင် လအရောင်ကဲ့သို့ ထွန်းလင်းလျက် ရှိနေခြင်းဖြစ်သည်။
ထိုသံဃာတော်များကို လူသားတို့က ကူညီထောက်ပံ့ ပေးလှူခြင်းသည် သာသနာတော် တည်တံ့ရေးအတွက် အထောက်အပံ့ကောင်းလည်း ဖြစ်ပေသည်။
ကထိန်သင်္ကန်း လှူဒါန်းခြင်းသည်၊ ကထိန်ခင်းခွင့်ရခြင်းသည် သံဃာတော်များ ရှိနေ၍ လှူဒါန်းမှုပြုရခြင်း ဖြစ်သည်။ လှူဒါန်းရခြင်းကြောင့် ကုသိုလ်ရရှိနေခြင်း ဖြစ်ပေရာ ဗုဒ္ဓဘာသာဝင်တိုင်းသည် လှူဒါန်းမှု တစ်ခုခု ပြီးမြောက်လေတိုင်း စိတ်တွင်ဝမ်းသာကြည်နူး ပီတိထူးဖြစ်ကြရသည်။ ကထိန်ခင်းလှူသောကြောင့် ကထိန်ခင်းခံရသော ရဟန်းတော်များ၌ ခံစားရမည့်အာနိသံသ အကျိုးဆက် ငါးပါးရှိသည်။ ထိုအကျိုးငါးပါးမှာ ထင်ရှားရှိသော ရဟန်းတို့အား မပန်ကြားမူ၍ မြို့တွင်း၊ ရွာတွင်း၊ ဆွမ်းဖိတ်ရာအိမ်သို့ သွားနိုင်ခြင်း၊ အဓိဋ္ဌာန်တင်ပြီး ဆောင်အပ်သော သင်္ကန်းကိုမယူမူ၍ သွားနိုင်၊ နေနိုင်ခြင်း၊ သင်္ကန်းကို အလိုရှိတိုင်း အဓိဋ္ဌာန်ဝိကပ္ပနာမပြုဘဲဝတ်ရုံသုံးဆောင်နိုင်ခြင်း၊ ထမင်းစားကြွပါ စသည်ဖြင့် ဒါယကာတို့က မအပ်သော ဖိတ်ခြင်းရှိသော ဂဏဘောဇဉ်ကို စားနိုင်ခြင်း၊ ကထိန်ခင်းသော ကျောင်းတိုက်တွင် ကထိန်ခင်းပြီးသည့်နောက် တပေါင်းလပြည့်နေ့တွင်သံဃာအားလှူသော သင်္ကန်းလျာ ပုဆိုးတို့ကိုဖြစ်စေ၊ သင်္ကန်းကိုဖြစ်စေ ထိုကျောင်းတိုက်၌ အနုမောဒနာပြုကာ ရဟန်းတို့သာ ခံယူနိုင်ခြင်းတို့ပင်ဖြစ်လေသည်။
ကထိန်ခင်းရန်အတွက် မြတ်ဘုရားရှင် ခွင့်ပြုတော်မူသော သင်္ကန်းသုံးထည်မှာ (၁)ဒုကုဋ်ခေါ် နှစ်ထပ်သင်္ကန်းကြီး၊ (၂) ကိုယ်ဝတ်ခေါ် ဧကသီ၊ (၃)ခါးဝတ်ခေါ် သင်းပိုင်တို့ပင်ဖြစ်သည်။ လှူဒါန်းမှု တစ်ခုခုပြုလုပ်တိုင်း လှူဒါန်းမှုပြုသူနှင့် အလှူခံပုဂ္ဂိုလ်တို့တွင် ကြီးစွာသော ကုသိုလ်များရရှိကြသည်။ ပေးကမ်းလှူဒါန်းခြင်းကို ဒါနဟုခေါ်ပေရာ ဤဒါနသည် စေတနာဒါန၊ ဝတ္ထုဒါနဟု နှစ်မျိုးရှိလေသည်။ အဝတ်အစား စသည့် လှူဖွယ်ဝတ္ထုပစ္စည်းသည် ဝတ္ထုဒါနဖြစ်သည်။ ထိုအလှူဒါနနှင့်စပ်၍ အလှူရှင်သန္တာန်ဖြစ်ပေါ်သည့် စေတနာကို စေတနာဒါနဟု ခေါ်ဆိုပေသည်။
ထိုစေတနာဒါနမှာ မလှူမီရှေ့ပိုင်းကာလ၌ ထိုအလှူနှင့် စပ်၍ဖြစ်ပေါ်သော ပုဗ္ဗစေတနာ၊ ပေးလှူဆဲ ကာလ၌ဖြစ်ပေါ်သော မုဉ္စစေတနာ၊ လှူပြီးနောက်ပိုင်း ကာလ၌ဖြစ်ပေါ်လာသော အပရစေတနာဟူ၍ ပုဗ္ဗ၊ မုဉ္စ၊ အပရ စေတနာသုံးမျိုး ဖြစ်ပေါ်လာပေသည်။ ဆရာတော်၊ သံဃာတော်များ၏ ဟောကြားတော်မူသော တရားတော်အရ အလှူတစ်ခုတွင် စေတနာဒါနကသာ အကျိုးပေးသည်။ လှူဖွယ်ဝတ္ထု ပစ္စည်းများသည် စေတနာထက်သန်အောင် အထောက်အပံ့ ပြုနိုင်ကြသည်။ လှူဖွယ်ပစ္စည်းက ညောင်စေ့လောက် နည်းသော်လည်း စေတနာထက်သန်လျှင် ညောင်ပင်ကြီးလောက် အကျိုးရနိုင်ပေသည်။ ထို့ကြောင့် အလှူဒါန ပြုကြသည့်အခါ စေတနာသုံးတန်ဖြူစင်ထက်သန်အောင် ကြိုးစားကြရပေမည်။
အလှူဟူသည်မှာ ''နတ်ပြည်၏ စောင်းတန်းလှေကားဖြစ်သည်။ မြတ်သော ရိက္ခာထုပ်ဖြစ်သည်။ ခရီးဖြောင့်လည်းဖြစ်သည်။ မြတ်သော မဂ်ဖိုလ်နိဗ္ဗာန်၏ အကြောင်းဖြစ်သည်။ အစိုးရခြင်းကို ဖြစ်စေတတ်သည်။ ချမ်းသာကို ပွားစေတတ်သည်။ မိမိကိုယ်ကို စောင်မတတ်သည်။ မယဉ်ကျေးသူတို့ကို ယဉ်ကျေးစေတတ်သည်။ အလုံးစုံသော အကျိုးကိုပြီးစေတတ်သည်။ အမွန်မြတ်ဆုံး မင်္ဂလာတစ်ပါးလည်း ဖြစ်သည်''ဟု ဖွင့်ဆိုထားသည်။ ထို့ကြောင့် လှူကထိန်သင်္ကန်းနှင့် မဂ်လမ်းတဲ့ ဆုပန်ရွယ်သော အလှူတော်ပွဲ၊ လှူဒါန်းမှု အစုစုအတွက် သာဓုခေါ်နိုင်ကြပါစေဟူ၍ ရေးသား လိုက်ရပေသည်။ ။
Credit: mwdwebportal